ကျွန်တော်ဆိုသည့်ကောင်က အလွဲတွေနှင့်မွေးဖွားလာသူလို့ပြောရမလောက်အောင်ကို လွဲလွန်းတတ်သည် ထိုသို့အလွဲများကြားတွင်မလွဲမသေရှိနေသည့်အရာတစ်ခုကတော့ ကျွန်တော် သံစဉ်ကို ချစ်ခြင်းဖြစ်သည်။သံစဉ် ဆိုတာ ကျွန်တော်ချစ်သော ကျွန်တော်ကချစ်နေသည်ကိုမသိသေးသော ကျွန်တော်ရဲ့ သူငယ်ချင်းဖြစ်သည်။ တကယ်တော့ မိန်းကလေးဆိုသည်မှာ သဘာဝတရားကြီးကပေးထားသည့် အသိအရ ကျွန်တော်ချစ်နေသည် ကိုသံစဉ်သိရင်သိနေပါလိမ့်မည်။
ဘယ်လိုပဲဖြစ်ပါစေလေ ကျွန်တော်ချစ်နေတာကို သံစဉ်ကသိသိ မသိသိ ကျွန်တော်ကတော့သိအောင်လုပ်ရ မည်လေ။ ခုလည်းကျွန်တော်လက်ဖက်ရည်ဆိုင်မှာထိုင်ရင်းသံစဉ်ကိုစောင့်နေခြင်းဖြစ်သည် မနက်ဆိုသံစဉ် အလုပ်ကိုသွားပါသည်။ အလုပ်ကိုသွားဖို့အတွက် အိမ်ကနေကားဂိတ်ကို လမ်းလျှောက်ရပါသည် ဒါက ကျွန်တော့်အတွက်အခွင့်အရေးဖြစ်သည်။
လက်ဖက်ရည်အရမ်းကြိုက်တဲ့ ကျွန်တော်က လက်ဖက်ရည်အပေါ်ယံကြောများတင်းတဲ့အထိလက်ဖက်ရည်ကို မေ့ကာလမ်းမဘက်ကို စူးစူးစိုက်စိုက်မျှော်နေမိသည်။ သံစဉ်ကခုထိမလာသေးဒီနေ့မှနောက်ကျနေတာလား မသိ စောင့်ရတဲ့အလုပ်ကအရမ်းရင်မောစရာကောင်းပါသည်။ မျှော်နေတုန်းမှာပင် သုတ်သုတ် သုတ်သုတ်နှင့် လာနေသော သံစဉ်ကို လှမ်းမြင်လိုက်ရပါသည်။ ကျွန်တော်လက်ဖက်ရည်ဖိုးကိုအမြန်ရှင်းဖို့ကြိုးစားရသည်။
“ညီလေးရေ ရှင်းမယ်ဟေ့”
အိပ်ကပ်ထဲစမ်းကြည့်လိုက်သည် တစ်ထောင်တန်တစ်ရွက်နှင့်စာအိတ်တစ်အိတ် ဟောင်းနေပေမယ့်ဘယ်တော့ မှရိုးမည်မဟုတ်သော နည်းလမ်းနှင့်သံစဉ်သိအောင်ကျွန်တော်ကြိုးစားမည်။
“အစ်ကိုကြီးအကြွေမပါဘူးလား ”
“ဟေ..အေး မပါဘူးကွ ”
“ဒါဆို ခဏလေးနော် အကြွေဖျက်လိုက်ဦးမယ်”
ကိုယ်ကအလျှင်လိုနေပါသည်ဆိုမှ အကြွေအမ်းဖို့ကမရှိနှင့်လာတိုးနေရသည် ထားခဲ့လို့ကလည်းမဖြစ် ရှိတာမှ ဒီတစ်ထောင်လေး အခြေအနေကောင်းရင်မြို့ထဲလိုက်သင့်ရင်လိုက်ရမည်လေ။ အကြွေကအမ်းတာကြာနေ သည် ကျွန်တော်ဂဏာမငြိမ်တော့ သံစဉ်ကမကြာခင်လက်ဖက်ရည်ဆိုင်ရှေ့ကဖြတ်တော့မည်လေ။ ထိုင်နေရမှ ထကာကောင်တာရှေ့သွားရပ်လိုက်သည် အကြွေးအမ်းပြီးတာနှင့်တန်းယူပြီးလိုက်ရအောင်ပါ။
“ရပြီ အစ်ကိုရေ ” “ဒီအစ်ကို့ ကိုရှစ်ရာအမ်းမယ်”
အကြွေရပြီးပြီးချင်း လှည့်ထွက်လိုက်သည် လူကအင့်ကနဲဖြစ်ကာလည်ထွက်သွားသည် နောက်အရှိန်မထိန်းနိုင် တော့ပဲကောင်တာရှေ့မှာထိုင်နေသည့်အစ်ကိုကြီးအပေါ်သို့မှောက်လျှက်ကြီးလဲကျသွားသည်။
“အမယ်လေးပူတယ် ပူတယ်”
အစ်ကိုကြီး ရှေ့ ကအစ်မကြီးကထအော်သည်။
ကျွန်တော်ပြာသွားသည် ကမန်းမတန်းထကာ လက်ကိုင်ပါဝါကိုကောက်ကိုင်လိုက်သည် ။
“ ဆောရီး ဆောရီး အစ်မ ကျွန်တော်သုတ်ပေးမယ်
ပြောလည်းပြော ကျွန်တော်လက်ကိုလှမ်းလိုက်သည် ။
“ဟင့်အင်း ..ဟင့်အင်း မသုတ်နဲ့ မသုတ်နဲ့”
အစ်မကြီးဆီမှ အကြောက်အကန်ငြင်းသံပေါ်ထွက်လာသည် ။
“ဟေ့ကောင် မင်းဘာကောင်လဲကွ ၀င်လဲတိုက်သေးတယ် ရိုင်းလှချည့်လားကွဟင်”
ကျွန်တော့်မှာ ယောင်တောင်တောင်ဖြစ်သွားသည် ပူတယ်ဆိုလို့ သုတ်ပေးမယ့်ဟာကို ဘာရိုင်းတာလဲလုပ်မိလဲ မသိ။
“ကျွန်တော် ဘာရိုင်းတာများလုပ်မိလို့လဲဗျာ အစ်မကြီးကပူတယ်ဆိုလို့သုတ်ပေးဖို့လုပ်တာပါ”
“ဘာကွ မင်းက သုတ်ပေးမလို့ဟုတ်လား မင်းကသုတ်ပေးရအောင် ဘာကောင်လဲကွ ဒါငါ့မိန်းမ ငါ့မိန်းမ မင်းက သုတ်ပေးစရာလား”
ကျွန်တော့်မှာထပ်ပြီး ဟင်ကနဲဖြစ်သွားသည် နောက်မှ အစ်မကြီးကိုမြင်ပြီး “ဟာ”ကနဲဖြစ်သွားသည် အစ်မကြီး ကလက်ကလေးနှင့်ရင်ဘတ်ကိုဖိထားသည် လက်စသတ်တော့ ပူတယ်ဆိုတာ အဲ့ဒီနေရာကကိုး ..။ ကျွန်တော့် မှာအိုးတို့အန်းတန်းဖြစ်သွားသည် တကယ်ကို ယောင်ယောင်မှားမှားတွေဖြစ်ကုန်တာဖြစ်သည်။
ဖြစ်ပုံ မှာ ကျွန်တော်က လှည့်အထွက် ပိုက်ဆံလာရှင်းသော စားပွဲထိုးလေးကိုဝင်တိုက်ကာ အရှိန်မထိန်းနိုင်ပဲ ကောင်တာရှေ့ကအစ်ကိုကြီးကိုဝင်လိုက်မိသည်။ ထပ်ပြီးဖြစ်ချင်တော့အစ်ကိုကြီးလက်ထဲကသောက်လုဆဲဆဲ လက်ဖက်ရည်ခွက်က လွတ်ထွက်ကာ အစ်မကြီးကိုစောင့်ပက်သလိုဖြစ်သွားသည်။ပိုပြီးဖြစ်ချင်တော့ အဲ့ဒီလက်ဖက် ရည်က အစ်မကြီးရင်ဘတ်ပေါ်သို့တိုက်ရိုက်ကျသည်။ အဲ့ဒီထက်ပိုပြီးဖြစ်ချင်တော့ ကျွန်တော်က လန့်ဖြန့်ကာမစူးမစမ်းပဲလက်ကိုင်ပုဝါနှင့်အတင်းသုတ်ပေးဖို့လုပ်မိခြင်းဖြစ်သည်။
အစ်ကိုကြီးနှင့်အစ်မကြီးကို မနည်းတောင်းပန်ကာထွက်လာခဲ့ရသည် စိတ်ကူးထားတာတွေလည်းဘယ်ဆီ ရောက်ကုန်မှန်းမသိ သံစဉ်လည်းဘယ်လိုဖြတ်သွားလိုက်မှန်းမသိ ကျွန်တော်လည်းဘာဖြစ်သွားမှန်းမသိ လမ်း လျှောက်ရတာတောင် အိပ်မက်ထဲလမ်းလျှောက်ရသလိုပင်။ အတော်ဆိုးပါသည် ပြောပါတယ် ကျွန်တော်ဆို တဲ့ကောင်ကအဲ့လိုကို လွဲတတ်တာပါလို့။
Xxxxxxxxxxxxxxxx
သီချင်းသံအေးအေးလေးကလွင့်ပျံနေသည် ကမ္ဘာပေါ်မှာ သာယာနာပျော်ဖွယ်အကောင်းဆုံ့း သီချင်းကအလွမ်း သီချင်းပါတဲ့ ဟုတ်မဟုတ်တော့မသိ။
“အဲ့ဒါပဲကွာ ငါလည်းပူထူပြီးဘာတွေဖြစ်ကုန်မှန်းတောင်မသိလိုက်ဘူး”
“ဟား….ဟား…ဟား….ဟား…”
သူငယ်ချင်းတွေရဲ့ရယ်သံက ဝေါကနဲထွက်လာသည် ကျွန်တော်မနေ့ကဖြစ်ခဲ့တဲ့အကြောင်းကိုလက်ဖက်ရည် ဆိုင်ထိုင်ရင်းဒီကောင်တွေကိုပြောပြနေခြင်းဖြစ်သည်။
“လင်းနေရယ်..မင်းဆိုတဲ့ ကောင်ကလေ ဖြစ်လိုက်ရင်းအသဲအသန် မင်းကို ဟိုအစ်ကိုကြီးက ထမထိုးလိုက်တာ တောင်ကံကောင်းတယ်မှတ် ငါသာဆိုရင်လေ ပယ်ပယ်နှယ်နှယ်တီးပစ်မှာ..ဟား..ဟား”
“အေးပေါ့ မင်းရဲ့ အညစ်အပတ်စိတ်ကြီးနဲ့ပြောလေ ဟိုက မင်းလိုမှမဟုတ်တာ ”
“နေပါဦး လင်းနေရယ် မင်းက ဒီလောက်တိုးတက်နေတဲ့ ခေတ်ကြီးမှာ ဒီစာပေးတဲ့ ခေတ်ဟောင်းနည်းလမ်းရိုး ရိုးကြီးကို သုံးဦးမလို့လား”
“ဟ ငါ က ဒီတိုင်းတော့ ဘာမှမဖြစ်ပေမယ့် သူ့ကို ပြောဖို့ကျတော့ ပြောမထွက်ဘူးကွ ဒါကြောင့် ငါခံစားနေရ တာတွေကို စာထဲမှာရေးချထားတာ ဒါတောင်ပြည့်စုံအောင် ရေးနိုင်သေးတာ မဟုတ်ဘူး”
“မင်းက ငကြောင်ပဲ သူ့ကိုချစ်တာ မဟုတ်ဘူးလား ”
“အေး…ချစ်တာလေ”
“အေး ..ချစ်တယ်ဆို ချစ်တယ်ပေါ့ အဲ့ဒီချစ်တယ်ဆိုတဲ့ စကားထက်လေး နက်တဲ့ စကားများရှိသေးလို့လား လွယ်လွယ်လေး မင်းပါးစပ်ကပဲဖွင့်ပြောလိုက် “ချစ်တယ်လို့”
သူတို့ပြောတာလည်း ဟုတ်နေပြန်သည် ကျွန်တော်ကလွယ်တာကို ဘာကြောင့်များ ခက်အောင်လုပ်နေမိလဲ မသိပါဘူး။
“ ဟိုကောင် ကျော်ကြီးတော့နောက်ကျနေပြန်ပြီ”
“အေး ဒီကောင် ဘယ်နှယ့်လုပ် နောက်ကျနေရတာလဲ“
“ဟောပြောရင်းဆိုရင်း ဟိုမှာလာပါပြီ..မင်းတော့အသက်ရှည်ဦးမယ်ကျော်ကြီးရေ ဒီမှာမင်းမလာသေးလို့ ပြော နေကြတာ“
ကျွန်တော်တို့ သူငယ်ချင်းထဲတွင် ဒီကောင်ကအလုပ်အရှုပ်ဆုံးဖြစ်သည် ခုလည်း စက်ဘီးလေးကိုတွန်းပြီးဆိုင် ထဲကိုဝင်လာသည် အမြဲတမ်းနောက်ကျတတ်တာ သူ့အကျင့်ဖြစ်သည်။
“မင်းကဘာလို့နောက်ကျနေပြန်တာလဲ”
“ညီလေးရေ ကျဆိမ့် တစ်ခွက်ကွ”
“ ဟာ ဟိုမှာ သံစဉ်မလား “
“ဟုတ်တယ် ဟေ့ကောင် တစ်ယောက်တည်း စက်ဘီးလေးနဲ့ လိုက်သွားကွာ သွားဖွင့်ပြောလိုက်တစ်ခါတည်း”
“ကျွန်တော်ဆုံးဖြတ်လိုက်သည်ဖွင့်ပဲပြောလိုက်တော့မည် ချက်ချင်းထရပ်ကာ ကျော်ကြီးစက်ဘီးကို ခွတက် လိုက်သည်”
“ ဟာ ဟေ့ကောင် စက်ဘီး စက်ဘီး”
ကျွန်တော် ကျော်ကြီးကို လက်နောက်ပြန်ပြခဲ့ကာ ထွက်ခဲ့သည် တစ်ခါတစ်လေ လေးဒီကောင့်ကိုညစ်ရခြင်းဖြစ် သည် ပြီးတော့ ခုချိန်မှာ စက်ဘီးက ဒီကောင်တစ်ယောက်တည်းပါတာ မစီးတာကြာပြီဖြစ်သောကြောင့် စီးရတာ အချိုးမကျအချစ်အတွက်ဆိုတော့လည်း အားကိုစိုက်နင်းလိုက်သည် မကြာပါသံစဉ်ကိုမှီလာသည်။
ဒုတိယပိုင်းရေးတုန်း တန်းလန်း အဟီး

10 comments:
မစီးတတ် စီးတတ်နဲ့ စက်ဘီးစီးပီး ကောင်မလေးကို အနောက်ကနေ ဝင်တိုက်တာတော့ မဖြစ်နိုင်ပါဘူးနော် အလွဲတွေ ဖြစ်တတ်လွန်းလို့ :P
လက်ဖက်ရည်အပူလောင်တာကို ဖတ်ပီး သဘောကျလွန်းလို့ ရီသွားပါတယ်
ဖြစ်တတ်ပါတယ်ရှင့် :)))
ဆက်ရန် မျှော်နေမယ်
လက်ဖက်ရည်ပူလောင်တော့ သဘောကျပီဟေ့..
လုပ်လိုက်ရင် အလွဲတွေချည်းပဲနော်.. စက်ဘီးလဲသေချာစီးတတ်အောင်လုပ်
တားရ...တော်ကြာကောင်မလေး ကိုဝင်လိုက်တိုက်မှဖြင့်...ခစ်ခစ်ခစ်...
လာရီတွားပါရယ်နော်....မြန်မြန်ဆက်နော်..မျှော်..နေပါလျက်......
အင်း စက်ဘီးဘာမှမဖြစ်ပါစေ နဲ့လို့ ဆုတောင်းပေးမယ်နော် ဒါပေမယ့် ဖြစ်တော့မှာ ငါ သိတယ် လင်းနေ နင် လွဲဦးမှာ ဟုတ်တယ်မလား ဟဟဟဟဟ နင့်စာဖတ်ရတာလဲ နီကိုရဲရဲ့ နတ်ဆိုးတကောင်နဲ့ ရင်လွဲသူဖတ်ရသလိုပဲ ဟားဟားးးးး ရီရတယ် ဟိဟိ
ဟက် ဟက် ... အကိုကြီးဆို သုတ်ပေးမှာ မှုတ်ဖူး.. :P
မြန်မြန်ရေး ဒုတိယပိုင်း
ကိုးရီးယားကားကျနေတာပဲ
စောင့်ရတာ စိတ်က သိပ်ရှည်တာဟုတ်ဘူးနော်...
သံစဉ် ပြီးတော့ သစ်သားစဉ် ၊ ပုဂံစဉ်တွေ လာအုံးမလားဗျိုးးးးး
အဟက် ... လောင်တတ်ပါပေ့ အပူရယ်...
လက်ဖက်ရည်ပူက..
အတွင်း ထဲအထိဝင်သွားတယ်ထင်ပါရဲ့းးးးးD
အန်.. အားရပါးရဖတ်လာပြီးမှ.. တန်းလန်းတဲ့....
ကောင်းခန်းရောက်နေမှ ဟင့်
ကိုလင်းနေကြီးက အမြဲဘဲတကယ်လွဲနေတာလား။
ဟဲဟဲ ပျော်စရာဘဲ။
တော်သေးတာပေါ့ ၊ မသုတ်ပေးလိုက်လို့ ။
ဟဟဟားးးးးးးး အပူလောက်တတ်လိုက်တာနော်။
နောက်တစ်ခါ ဂရုစိုက်ပါ။ စက်ဘီးစီးလဲ သေချာကျင့်ထားလေ။
စက်ဘီးနာတာပေါ့။ ဟဲဟဲ
ခင်လို့နောက်သွားတယ်နော်။
Post a Comment
အခုလို တခုတ်တရ လာရောက်မှတ်ချက်ပြုတာကို
ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတို့အားလုံးစိတ်၏
ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဗျာ..။